ကချင်ပြည်နယ် နယ်လုံ ၀န်ကြီး အပြောင်းလဲ ပြုလုပ်

ဗိုလ်မှူးကြီး သူရမျိုးတင်၊ ကချင်ပြည်နယ် နယ်လုံ ၀န်ကြီး
Share

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ (နယ်လုံ)ဝန်ကြီး ဗိုလ်မှုးကြီး သူရမျိုးတင် အပါအဝင်၊ မွန်ပြည်နယ် နယ်လုံ ၀န်ကြီး နှင့် အခြား ပြည်နယ်၊ တိုင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ခန့်ကို တာဝန်မှ အနားပေးလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုဝင်ဘာ ၇ ရက်နေ့ ကြေငြာချက်တွင် ဖြော်ပြထားသည်။

ယခုလို အစိုးရအဖွဲ့တွင် ပါဝင်သော တပ်မတော်သား ကိုယ်စားလှယ်များ အပြောင်းအလဲ နှင့် ပတ်သက်ပြီး “တပ်မတော်သဘောတရားအရ သူတို့သက်တမ်းပြည့်သွားလို့ ပြောင်းလဲတာဖြစ်တယ်လို့ သတင်းကြားတယ်။ တပ်ဘက်က အခုလို အပြောင်းအလဲ လုပ်တယ်ဆိုတာလည်း လူထုအတွက် အကောင်းဘက် လုပ်ပေးတယ်လို့ မြင်ပါတယ်” ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာ ပြောဆိုပါသည်။

ဗိုလ်မှုးကြီး သူရမျိုးတင်၏ နေရာတွင် ဗိုလ်မှုးကြီး နေမင်းထွန်း ကို ခန့်အပ်ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ဦး အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ တပ်မတော်သား ကိုယ်စားလှယ် ၃၀ ဦးကို အစားထိုးပြောင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

“ကြားရသလောက်တော့ သက်တမ်းပြည့်လို့ တာဝန်က ရပ်နားတာလို့ ပြောကြတယ်။ ဒီအချက်မှန်တယ်ဆိုရင်တော့ ဒါက လုပ်ရိုး လုပ်စဉ်လို့ မှတ်ယူနိုင်တယ်။ အဲလို မဟုတ်ဘူးဆိုရင်တော့ သူတို့ ၂၀၂၀ အတွက် ပြင်ဆင်တယ်လို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ အောက်ခြေမှာ တစ်ခုခု ဖြစ်တိုင်း နယ်လုံဝန်ကြီးကိုပဲ ပြောကြတာလေ။ ဒါကြောင့် လူထုကို ချော့သိပ်တာလို့ မြင်တယ်။” ဟု မြစ်ကြီးနားမှ စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးနော်ခုန် ပြောပါသည်။

ကချင်နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှုးကြီး သူရမျိုးတင်သည် ၂၀၁၅ ရွေးကောက်ပွဲအပြီး ယခုတာဝန်ကို ပေးအပ်ခံခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေထဲ စစ်ပြေးဒုက္ခသည်အကုအညီ သွားရောက် ပေးအပ်သူများကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အရေးယူနိုင်ကြောင်း ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ကို ဗိုလ်မှုးကြီး သူရမျိုးတင် က ယခုနှစ် မေ ၂၁ ရက်နေ့ သတိပေးစာ ပေးခဲ့သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest