လုံခြုံစွာ နေရပ်ပြန်နိုင်ရေး ကချင် စစ်ရှောင်များ ကုလ ကိုယ်စားလှယ် ကို တင်ပြ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener က အောက်တိုဘာ ၁၈၊ ၂၀၁၈ ရက်နေ့ မိုင်းနား KBC စစ်ရှောင်စခန်းတွင် ရောက်ရှိနေစဉ်။
Share

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကို စစ်ရှောင်များက နေရပ်ပြန်နိုင်ရေးအချက်အပြင် အခြား အချက်များကို တင်ပြခဲ့သည်။

လာမယ့် မျိုးဆက်သစ်များအတွက် နေရပ်ပြန်ပြီး ပြန်လည်ထူထောင်လိုသောကြောင့် လုံခြုံစွာ ပြန်နိုင်ရေး အလိုရှိကြောင်း တင်ပြခဲ့သည်ဟု ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စစ်ရှောင်စခန်း တာဝန်ခံ Slg. Zau Lun (ဦးဇော်လွန်း) ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ကိုယ့်ဒေသမှာဘဲ နယ်မြေ လုံခြုံရေးပေး။ ပြီးတော့ လိုအပ်တဲ့ လယ်ယာမြေ၊ အိမ်ယာတွေကို ပြန်လည် ရရှိဖို့ ဖန်တီးပေးမယ်ဆိုရင် မနက်ဖြန် ပြန်ဆိုလည်း ပြန်မယ်လို့ ပြောပြခဲ့တယ်။”

နေရပ်ပြန်နိုင်ရေးအချက်အပြင် လက်ရှိ စစ်ရှောင်စခန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေး ရပ်နားခဲ့ရသည့် လူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်သင်ကြားပေးရန် အချက်အပြင်၊ သိမ်းဆည်းခံထားရသော မိမိတို့ မြေယာကို ပြန်လည် ရရှိရေးအချက်တို့ဖြစ်ကြောင်း ထပ်မံသိရပါသည်။

UN-envoy-to-Myanmar-Christine-Schraner-Burgener-visits-Maina-KBC-IDP-camp.jpg

စစ်ရှောင်များ၏ တင်ပြမှုကို ဖြည့်ဆည်းပေးရန် Ms. Christine Schraner Burgener အနေဖြင့် နောက်အကြိမ် ထပ်မံ လာရောက်မည်ဖြစ်ပြီး ပုံမှန် ဆက်သွယ်ဆောင်ရွက်မှု ပြုလုပ်နေမည်ဖြစ်ကြောင်း ပြောဆိုသွားသည်ဟု သိရပါသည်။

ကုလကိုယ်စားလှယ်သည် မြစ်ကြီးနားမြို့ကို ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့ ရောက်ရှိခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက် ယနေ့တွင် မိုင်းနား KBC၊ RC စခန်း နှင့် ခတ်ချို စစ်ရှောင်စခန်းများသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ယနေ့ တွေ့ဆုံမှုပုံစံသည် စစ်ရှောင်ပြည်သူများ အားလုံးနှင့် တွေ့ဆုံခြင်း မဟုတ်ဘဲ တာဝန်ရှိသူများဖြင့်သာ သီးသန့် တွေ့ဆုံခဲ့ပါသည်။



KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest