ဖားကန့်ကျောက်စိမ်းတွင်း လုံခြုံရေး ရဲများပစ်ခတ်မှုကြောင့် ရေမဆေး ၁ ဦး ထိခိုက်

ဖားကန့်ကျောက်စိမ်းတွင်း လုံခြုံရေး ရဲများပစ်ခတ်မှုကြောင့် ရေမဆေး ၁ ဦး ထိခိုက်
Share

ဖားကန့်၊ မှော်ဝမ်းကြီး အနီးရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ လုံခြုံရေး ရဲများ သေနတ် ပစ်ခတ်သောကြောင့် ရေမဆေးသမား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နံနက် ၈း၁၅ ခန့် ကောင်းဆု ရတနာကျောက်စိမ်း ကုမ္ပဏီ အတွင်း ကျောက်စိမ်းရှာဖွေရန်ကြိုးစားနေသော ရေမဆေးသမား ၃၀၀ ကျော်ခန့်ကို လုံခြုံရေး ရဲများက သေနတ်ပစ်ခတ် ခြိမ်းခြောက်မှုကြောင့် အသက်(၁၉)နှစ်ရှိ မောင်ဝခေါင်းနွန်း၏ ပေါင်တစ်ဖက် သေနတ်ထိမှန်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဖားကန့်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က KNG သတင်းဌာနသို့ ယခုလို ပြောဆိုသည်။

“ကုမ္ပဏီကလည်း နိုင်ငံတော်အကျိုးတူ တရားဝင်လုပ်နေတဲ့ ဖြစ်နေတဲ့အတွက် ရေမဆေးသမားတွေအတွက် သတ်မှတ်ထားပေးတဲ့အချိန်တွေရှိတယ်။ ပြီးရင် သတ်မှတ်ထားပေးတဲ့ စည်းကမ်းတွေလည်းရှိတယ်။ မနက်ပိုင်း ညပိုင်း ရေမဆေးသမားတွေကိုဝင်ခွင့် ပေးထားတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေလိုက်နာမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး။ ရေမဆေးသမားများလည်း ပေးထားသော စည်းကမ်းကို လိုက်နာရင် ယခုလို အခြေအနေတွေက ပိုဆိုးရွာလာမှာမဟုတ်ဘူး” ဟု ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရသူ ခွဲစိတ်မှု ခံယူရန် ဖားကန့် ဆေးရုံးမှ မြစ်ကြီးနားဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest