တရုတ်တပ်များ ပန်ဆိုင်း တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ပေ ၁၅၀ ကျော် ကျူးကျော်

တရုတ်တပ်များ ပန်ဆိုင်း တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ပေ ၁၅၀ ကျော် ကျူးကျော်
Share

စက်တင်ဘာ ၁၉ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် Hpai Kawng ကျေးရွာတွင် ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ နယ်နိမိတ် ခြံစည်းရိုး အငြင်းပွားမှု ပြဿနာသည် ယနေ့ စက်တင်ဘာလ ၂၈ ရက် မြန်မာစံတော်ချိန် ၁၀နာရီခွဲချိန်၌ တရုတ်တပ်ဖွဲ့မှ ကျူးကျော်ဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တရုတ်တိုက်ခိုက်ရေးတပ်ဖွဲ့ (တရုတ်ပြည့်သူ့ လွတ်မြောက်ရေးတပ်မတော်) မှ တပ်သား ၂၀ ခန့်သည် အခင်းဖြစ်ထားသည့် နေရာမှ ပေ ၁၅၀ ခန့် ကျော်လွန်ကာ Hpai Kawng (ဖိုင်ကောင်း)ကျေးရွာဒေသရှိ စစ်ဘေးရှောင်စခန်း (IDP) ထိ လက်နက်ကြီးများ ကိုင်ဆောင်ကာ ဝင်ရောက်စစ်ဆေးမူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

"ခုလို လက်နက်ကြီးတွေနဲ့ ဝင်လာပြီးစစ်ဆေးတာတွေလုပ်တော့ စစ်ရှောင်စခန်းမှာ နေနေကြတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်တာပေါ့။ ပြီးတော့ စစ်ရှောင်စခန်းနားမှာ ရေနုတ်မြောင်း အမှိုက်တွေ ရှင်းလင်းဖို့တွက် စစ်ရှောင်ကလူတွေ ရေမြောင်းတူးထားကြတာကိုလည်း စစ်ဆေးတယ်။ ဒါဘယ်သူတူးထားတာလဲ ဒီနေရာက ကျနော်တို့ပိုင်တဲ့ နယ်မြေဆိုပြီး စစ်ဆေးတာတွေ လုပ်သွားတယ်။ ဒါကတော့ ကျနော်တို့ကို စော်ကားတဲ့ သဘောဖြစ်သွားပြီ။" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

Chinese-police-intrude-Myanmar-border-in-Pangsai-(Kyukok)-on-Sep-23.jpg

ယနေ့ ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည့် Hpai Kawng စစ်ရှောင်စခန်းသည် လူဦးရေ ၇၀၀ ကျော်နေထိုင်သော စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး ၎င်းစစ်ရှောင်စခန်းသည် လွန်ခဲ့သော ၂၀၁၆ နိုဝင်ဘာလ ၂၃ ရက်မှ Hpai Kawng ကျေးရွာမှ ပြောင်းရွှေ့လာကြသော စစ်ရှောင်များဖြစ်ကြသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း အငြင်းပွားမှုဖြစ်ထားသည့် နေရာတွင် တရုတ်ရဲကားတစ်စီးဖြင့် လာရောက် စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

၎င်းနယ်နိမိတ် ခြံစည်းရိုးအငြင်းပွားမှုနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၂ ရက်ထုတ် ဧရာဝတီ သတင်းဌာနတွင် နယ်နိမိတ်ရေးရာကော်မတီဝင်များမှ ၎င်းကိစ္စအား ညှိနှိုင်းမှု ပြေလည်ပြီဟု ဖော်ပြထားသော်လည်း လက်ရှိတွင် ယခုလို တရုတ်ဘက်မှ ကျူးကျော်ဝင်ရောက်ခြင်းမျိုး ထပ်မံဖြစ်ပေါ်နေသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest