နန်ကျင်စီးပွားရေးဇုံ သတ်မှတ်နယ်မြေတွင် ရိုးရာတိုင်းရင်းဆေးမြေဧရိယာ ကို ချန်လှပ်စေချင်

နန်ကျင်စီးပွားရေးဇုံ သတ်မှတ်နယ်မြေတွင် ရိုးရာတိုင်းရင်းဆေးမြေဧရိယာ ကို ချန်လှပ်စေချင်
Share

မြစ်ကြီးနား Nam Jim (နန်ကျင်) ဒေသရှိ ရိုးရာ တိုင်းရင်းဆေး စိုက်ပျိုးသောနေရာသည် တရုတ်-မြန်မာ စီးပွားရေးဇုံအဖြစ် သတ်မှတ်ထားသော မြေနေရာ၌ ပါဝင်နေသောကြောင့် မြေသိမ်းခံရမည်ကို စိုးရိမ်နေကြောင်း ရိုးရာ တိုင်းရင်းဆေးအဖွဲ့ ဥက္ကဌ Slg. Gum Ja မှ သိရပါသည်။

စီးပွားရေးဇုံနယ်မြေအတွင်း ကျရောက်သွားသော ရိုးရာတိုင်းရင်းဆေး စိုက်ပျိုးနယ်မြေ ဧက (၆၅၀) ကိုမြေပုံတွင် ချန်လှပ်ပေးပါရန် တိုင်းရင်းဆေး အဖွဲ့များသည် ၂၀၁၈ ဇန်နဝါရီလ (၁၀) ရက်နေ့ နှစ်ဆန်းပိုင်း တွင် အသနားခံစာ တင်ခဲ့သော်လည်း အစိုးရဘက်မှ တုံ့ပြန်ခြင်းမရှိသေးကြောင်း တိုင်းရင်းဆေးအဖွဲ့ ဥက္ကဌ Slg. Gum Ja (ဦးဂွမ်ဂျာ) ယခုလို ကချင်သတင်းဌာန KNG ကို ရှင်းပြသည်။

"ကျနော်တို့က အရင် ၂၀၀၂ ခုနှစ်လောက်ကတည်းက လုပ်လာတာတာပေါ့နော်။ ကျနော်တို့ဘက်က အရင်ပြည်ခိုင်ဖြိုး လက်ထက်ကတည်းက မြေစာရင်း ခရိုင်၊ ပြည်နယ်က နေပြီးလုပ်ပိုင်ခွင့် ကိုယ်ပိုင် ဦးပိုင်တွေလည်း ထွက်ပြီးပြီ။ အကွက်တွေလည်း မြေစာရင်း ခရိုင်၊ ပြည်နယ် အဆင့်ဆင့် ကွင်းဆင်းစစ်ဆေး ပြီးပြီ။ ခုနောက်ပိုင်း ကျနော်တို့ပိုင်တဲ့နေရာက နန်ကျင်စီးပွား ရေးဇုံအတွင်းမှာ ပါဝင်နေတယ်ဆိုတော့ ကျနော်တို့နေရာကို ကွင်းကွက် ပေးဖို့ အသနားခံစာတင်ထားပါတယ်။"

သို့သော် လက်ရှိ အစိုးရလက်ထက်တွင် မြန်မာနှင့်တရုတ် နှစ်နိုင်ငံ စီးပွားရေးဇုံအဖြစ် သတ်မှတ်လိုက်ရာ ၎င်းတို့နေရာသည် Nam Jim (နန်ကျင်) စီးပွားရေးဇုံအတွင်း ပါဝင်နေကြောင်း သိရသည်။

Nam-Jim-village.jpg

လက်ရှိတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးဇုံအဖြစ် သတ်မှတ်ရန်အတွက် နားလည်မူ စာချွန်လွှာကနေ တစ်ဖန် သဘောတူညီမူ အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ သဘောတူညီမူ စာချုပ် လက်မှတ်ထိုးပြီးပြီ ဆိုပါက ၎င်းနေရာများအား ဥပဒေနှင့်အညီ လျှော်ကြေးများကို ပေးသင့်ကြောင်း ယင်းကိစ္စကို လိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ဦးဂဲနက်(စ်)က ၎င်းအမြင်အား ခုလို သုံးသပ်ပေးထားပါသည်။

"ဒါနဲ့ပတ်သက်ပြီး သဘောတူညီမူအဆင့် ဖြစ်လာပြီဆိုရင် လျှော်ကြေးနဲ့ပတ်သက်တဲ့အပိုင်းလိုအပ်လာပြီ။ မရှောင်နိုင်ဘူးဆိုရင်တော့ လျှော်ရတော့မှာဘဲ လျှော်ရတော့မယ့် အချိန်မှာကျတော့ ကျနော်ထင်တယ်။ ဟိုအရင်ခေတ်အရင်ကာလတွေတုန်းကလိုမျိုး မဖြစ်စေဖို့ကတော့ ဦးစားပေးရမှာပေါ့နော်။ အရင်ခေတ်ကလိုမျိုး အတင်းအဓမ္မသိမ်းမယ်။ ငါ့စီမံကိန်းကို နှောက်ယှက်တဲ့သူ ဥပဒေအကြောင်းအရ ရှင်းမယ်ဆိုရင် မြေပြင်မှာနေတဲ့ ပြည်သူတွေနဲ့ အဲပုံစံသွားမယ်ဆိုရင်တော့ ဒီစီမံကိန်းတွက် စိုးရိမ်စရာတွေ များကြီးရှိမယ်"

အဖွဲ့ဝင် ၉၇ ဦးပါဝင်သော ရိုးရာတိုင်းရင်းဆေးအဖွဲ့သည် ၂၀၀၈ မှ စပြီး Nam Jim (နန်ကျင်) ဒေသတွင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ခဲ့ကာ လက်ရှိတွင် ပရဆေးပင်များနှင့် အခြားဆေးပင် မြောက်များစွာကို စိုက်ပျိုးထားပြီးဖြစ်သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest