ပန်ဆိုင်း လမ်းမိုင်း ပေါက်ကွဲမှုတွင် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ပန်ဆိုင်း လမ်းမိုင်း ပေါက်ကွဲမှုတွင် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
Share

ရှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့နယ် ပန်ဆိုင်း (ကြူကုတ်)မြို့၊ နမ့်တောင်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ မွန်လွဲ ၃ နာရီခန့် တွင် မိုင်း ၁လုံး ပေါက်ကွဲ ခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။

ပန်ဆိုင်းဈေးမှ နမ့်တောင်းရွာသို့ ပြန်လာသော အမျိုးသမီး ၂ ဦး သည် နမ့်တောင်းရွာ နှင့် ကောင်းကျုံရွာ ကြား ကားလမ်းမကြီးတွင် ထောင်ထားသော မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦး ပြောပြသည်။

“မနေ့က မီးသွေး တင်ကား ၁ စီး နဲ့ ဆိုင်ကယ်အတူ ဖြတ်သွားတဲ့ အချိန်မှာ ပေါက်ကွဲ မှုဖြစ်သွားတယ်။ ဆိုင်ကယ်နဲ့ လိုက်ပါသူ နှစ်ယောက် ထိခိုက်ဒဏ်ရာပြင်းထန်လို့ မူဆယ်ဆေးရုံ ပို့ ခဲ့တယ်။ ဆေးရုံရောက်တော့ တစ်ယောက်သေသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်ကလပ်ကို ယနေ့ မြုပ်နှံမည်ဖြစ်ပြီး၊ အခြား ဒဏ်ရာရရှိသူမှာ မူဆယ်ဆေးရုံတွင် ဆေးကုသမှု ဆက်လက် ခံယူနေကြောင်း သိရပါသည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့သော ဧရိယာသည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် အစိုးရတပ် တို့ စစ်ရေးတင်းမာနေသော နယ်မြေလည်း ဖြစ်ပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest