ရခိုင် အရေး ICC စုံစမ်းရန် ဆုံးဖြတ်မှုပေါ် ကချင်အမျိုးသမီးအဖွဲ့ ကြိုဆို


မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရခိုင်ဒေသ လူမျိုးတုံးသတ်ဖြတ်မှုအပြင်၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသော တပ်မတော် စစ်ခေါင်းဆောင်များ ကို စုံစမ်း စီရင်ခွင့်ရှိကြောင်း ICC က စက်တင်ဘာ (၆)ရက် ယမန်နေ့ ထုတ်ပြန်လိုက်သည်။

ယခုလို နိုင်ငံတကာမှ အရေးယူပေးရန် ဆုံးဖြတ်ချက်ချလာမှုများကြောင့် တခြား နိုင်ငံများတွင်လည်း ကြီးလေးသည့် ပြစ်ကျူးလွန်မှု မရှိအောင် ပြသရာရောက်သည့်အတွက် ကြိုဆိုကြောင်း ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT မှ တာဝန်ရှိသူ မွန်းနေလီ ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ကျမတို့ ဒေသတွေမှာ တပ်မတော်က ဒီလို ပြစ်မှု ကျူးလွန်မှု ဖြစ်ပွားနေတာ နှစ် အတန်ကြာခဲ့ပါပြီ။ ပြည်သူတွေ နစ်နာမှုများခဲ့သလို နိုင်ငံတော်လည်း ငြိမ်းချမ်းမှု မရခဲ့ဘူး။ ဒါကြောင့် အခု နိုင်ငံတကာက အခုလို ဆုံးဖြတ်ချက်ချပြီး ကူညီလာတာဟာ ဘယ်နိုင်ငံမှာဆို ဒီလို ပြစ်မှုတွေ မရှိအောင် ပြသရာလည်း ရောက်ပါတယ်။ ဒါမှ မြန်မာ့ငြိမ်းချမ်းရေးအတွက်လည်း တကယ် အထောက်အကူ ဖြစ်လာမှာပါ။”

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သောကြောင့် အရေးယူခံရမည် မဟုတ်ဟု ဆိုသော်လည်း ယခုလို ကြီးလေးသည့် ပြစ်မှုများအတွက် နိုင်ငံတကာမှ တာဝန်ယူပြီး အရေးယူနိုင်အောင် ဖန်တီးလုပ်ဆောင်နိုင်ကြောင်း ကျွမ်းကျင်သူများ ပြောဆိုသည်ကို သိရပါသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့်လည်း မြန်မာပြည်မှ ပြစ်မှုကျူးလွန်မှု၊ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို စုံစမ်း စစ်ဆေးနိုင်ရန် ICC ကို တင်ပြသင့်ကြောင့် လူ့အခွင့်အရေးအဖွဲ့ Fortify Right ယနေ့ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။

၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကုလ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို သြဂုတ် (၂၇)ရက်နေ့ ထုတ်ပြန်လိုက်အပြီး နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံးမှလည်း ယခုလို ခြေလှမ်းစတင် ဆောင်ရွက်လာခြင်း ဖြစ်ပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest