ဖားကန့် မြေပြိုမှု သေဆုံး၊ ဒဏ်ရာရသူများ ကို KDNG သွားရောက် ကူညီ

သြဂုတ် ၇၊ ၂၀၁၈ ရက်နေ့ သေဆုံးသူမိသားစုတွေ နဲ့ ဒဏ်ရာရရှိသူတွေကို ဖားကန့်၊ ဆွတ်အောင်ရာ AG အသင်းတော် ဘုရားကျောင်းတွင် KDNG တာဝန်ခံ ဦးနော်အောင် မှ ကူညီပေးနေပုံ
Share

ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံပြိုကျမူကြောင့် သေဆုံးသူများ၏ ကျန်ရစ်မိသားစုများ နှင့် ဒဏ်ရာရသူများကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ သွားရောက် ကူညီပေးမှုကို ယခု ပတ်အတွင်း ပြုလုပ်ခဲ့သည်။

ဇူလိုင်လ (၁၄) နှင့် (၂၄) ရက်နေ့ (၂)ကြိမ် ဖြစ်ပွားသော မှုတွင် သေဆုံးခဲ့သော ကျောက်တူးသမား (၅၉)ဦး အတွက် ကျန်ရစ်မိသားစုများကို တစ်ဦးလျှင် ကျပ် ၂သိန်းစီ နှင့် ထိခိုက်ဒဏ်ရာရသူ (၃၀)ကျော်ကို တစ်ဦးလျှင် ကျပ် ၁သိန်းစီဖြင့် Kachin Development Networking Group မှ ကူညီပေးခဲ့သည်။

၎င်းတို့အများစုသည် ဆွတ်အောင်ရာ၊ အောက်မက်လင်ဂျောင်၊ မဇွပ်ယန်၊ ဖဝါ၊ ကထန်၊ ကုဋေမှော်၊ မဒဲန့်ယန် စသော ကျောက်စိမ်းမှော်ကျေးရွာများတွင် နေထိုင်သော ရေမဆေးသမားများဖြစ်ကြသည်။ KDNG မှ သေဆုံးသူ မိသားစုများ နှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို သြဂုတ် (ရ-၈) နှစ်ရက်တာ တွေ့ဆုံပြီး ကူညီပေးခြင်းဖြစ်သည်။

နိုင်ငံရေးအခြေနေ မကောင်းသောကြောင့် ပြည်သူများအလုပ်လက်မဲ့ဖြစ်ကာ ခက်ခက်ခဲခဲ အသက်လု ရုန်းကန် လုပ်ကိုင်စားသောက်နေစဉ် ဒုက္ခရောက်သွားသူများကို သွားရောက်ကူညီခြင်းသာဖြစ်သည်ဟု KDNG မှ တာဝန်ရှိသူ ဦးနော်အောင် က ပြောသည်။

“ကြီးကြီးမားမား ထိရောက်စွာထောက်ပံ့ပေးတာ မဟုတ်ပါဘူး။ လူသားချင်းစာနာထောက်ထားမူနဲ့ ကူညီပေးတာပါ။ ပြဿနာက နိုင်ငံရေးအခြေအနေ မကောင်းတော့ပြည်သူတွေ ကိုယ်ပိုင်အလုပ်မရှိဘူး။ စားဝတ်နေရေးအဆင်ပြေဖို့ ကျောက်တူးသမား လုပ်ကြတယ်။ ပိုဆိုးတာက အစိုးရတွေက အုပ်ချုပ်ရေးပိုင်းမှာနည်းစနစ်မရှိဘူး။ ပြည်သူတွေက နောက်ပိုင်း နည်းအမျိုးမျိုးနဲ့ သေဆုံးတာ များလာတယ်။ ဒါကိုတစ်ချို့အာဏာရှင်များက နားမလည်ကြဘူး။”

ပြည်သူများ အပြစ်မဲ့သေဆုံးမူများလာသောကြောင့် အခြေနေများ ဆက်လက်ဆိုးရွားမှု မရှိ လာစေရန် အစိုးရမှ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေကြောင်းကို သူက ဆက်ဆိုသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ ယခုချိန်ထိ မြေဇာပုံပြိုကျမှုကြောင့် သေဆုံးသူ (၁၀၇)ဦး ရှိပြီ ဖြစ်ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးမှ သိရပါသည်။

ယခုလို မြေဇာပုံပြိုကျမှုကြောင့် လူသေဆုံးထိခိုက်မှု များလာခြင်းကို လျှော့ချရန် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များ၊ တပ်မတော် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တာဝန်ယူ လုပ်ဆောင်ပေးရန် ဒေသအခြေစိုက် လူမှုအဖွဲ့အစည်းများက စာဖြင့် တိုက်တွန်း တောင်းဆိုထားပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest