ကချင်လူငယ်များသမဂ္ဂ (၂၃)နှစ်ပြည့် အခမ်းအနား ကျင်းပ

၂၃ နှစ်ပြည့် ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ (AKYU) အခမ်းအနား၊ Kachin Youth Center၊၊ မန်ခိန်ရပ်ကွက်၊ မြစ်ကြီးနားမြို့။ သြဂုတ် ၄၊ ၂၀၁၈

ဖိနှိပ်ခံရသော ကချင်တိုင်းရင်းသားများ နိုင်ငံရေးအရ လွတ်မြောက်ရန် ရည်ရွယ်ပြီး ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ AKYU သည် သြဂုတ်လ (၅)ရက်နေ့ တွင် (၂၃) နှစ်ပြည့်ပြီ ဖြစ်ပါသည်။

ထို့ကြောင့် (၂၃) နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲ ကို မြစ်ကြီးနားမြို့ မန်ခိန် ရပ်ကွက် Kachin Youth Center တွင် ဖိတ်ခေါ်ထားသည့် ဘာသာရေးခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ၊ လူငယ်များတို့ဖြင့် ယနေ့ သြဂုတ်လ (၄)ရက်နေ့တွင် အတူ ပြုလုပ်ခဲ့ပါသည်။

ကနဦးတည်ထောင်ချိန်တွင် All Kachin Student and Youth Union (AKSYU) ဆိုသည့် နာမည်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း မြန်မာ နိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာသောကြောင့် ၂၀၁၃ မှ စတင်ကာ All Kachin Youth Union (AKYU) အဖြစ် ပြောင်းလဲခဲ့ကြောင်း လက်ရှိတာဝန်ခံ ဦး Lum Zawng ရှင်းပြသည်။

AKSYU ကို ၁၉၉၆ ခုနှစ် သြဂုတ်လ (၅)ရက်နေ့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၈ ထိုင်းနိုင်ငံ နှင့် ၂၀၀၀ ခုနှစ်တွင် တရုတ်နိုင်ငံ တို့တွင် ဖွင့်လှစ်ခဲ့ပါသည်။

(၂၃)နှစ် တလျှောက် ဖြတ်ကျော်ခဲ့ရသည့် အောင်မြင်မှုနှင့် ခက်ခဲမှုများ အကြောင်းကို ကျောင်းသားဟောင်း ဆရာ စတီဗင် က ယခုလို ပြောပါသည်။

“စစ်အစိုးလက်ထက်မှာက အရမ်းကို ကြောက်ရတဲ့ အခြေအနေ တွေမှာ အများကြီး ကြိုးစားခဲ့ရတယ်။ အရင်တုန်းကတော့ ဒီမိုကရေစီ ဆိုတာကို ပြောလို့တောင် မရဘူး။ နိုင်ငံခြားတွေမှာ သွားနေပြီး လုပ်ခဲ့ရတယ်။ ကိုယ်အကျိုးစီပွားကို မကြည့်ဘဲ လူမျိုးအတွက် ရည်ရွယ်ပြီး ကြိုးစားပြီးလုပ် ခဲ့တာ အခုတော့ အခြေအနေ အများကြီး တိုးတက်လာပါတယ်။
ခက်ခဲမှုကတော့ တစ်ချို့က ဒီအလုပ်လုပ်ရင်းနဲ့ အဖမ်းခံ ရတဲ့ သူတွေရှိခဲ့တယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ကို မကြိုက်လို့ မြေအောက်လှုပ်ရှားမှုတွေလုပ်တယ်။ တကယ်လို့ အဲဒီအချိန် ဖမ်းမိသွားလို့ ကတော့ အသေ သတ်တဲ့ အချိန်လေ။”

ယခု အခါ AKYU လှုပ်ရှားရာမှုတွင် အာဏာပိုင်မျာ၏ အတားအစီး အနည်းငယ် ရှိနေသော်လည်း လုပ်ရမည့် တာဝန်ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လက်ရှိ AKYU တာဝန်ခံ ဦး Lum Zawng က ပြောပါသည်။

“ရှေ့ဆက်ပြီး အရင်ကထက် ကြိုးစားပြီး လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးက လမ်းကြောင်းလည်း ဖွင့်နေပြီ ဆိုတော့ ကျွန်တော်တို့ ကချင်တိုင်းရင်းသား လူငယ်တွေအားလုံး စည်းလုံးညီ ညွတ်မှု ရှိရှိနဲ့ ရွာတွေမှာ ရှိတဲ့ ကချင်တိုင်းရင်းသား လူငယ်တွင် သာမက အခြား လူငယ်တွေနဲ့ လဲ ပူပေါင်းပြီး အားလုံးက နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး တွေမှာ အမြော်အမြင်ရှိတဲ့ ရှေ့ရေးကို ကြည့်ပြီး နိုင်ငံရေးမှာ တရားဝင် ပါဝင်လှုပ်ရှား ရတဲ့သူတွေ ဖြစ်အောင် ကြိုးစား သွားကြရမယ်။”

AKYU ကို ဦးဆောင်သည့် သူများအနေဖြင့် ကချင်တိုင်းရင်းသား သာမက အခြားသော တိုင်းရင်းသားလူငယ်များကိုပင် လက်တွဲခေါ်ကာ ဦးဆောင်ရမည်အကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) လူငယ်တာဝန်ခံ ဟောင်း Dr. Gumgrawng Hkan Naw မှ အားပေးစကား ပြောပါသည်။

“ကျနော်တို့ အခု လုပ်ဆောင်နေတဲ့ အလုပ်က ပန်းတိုင်ကို မရောက်သေးပါဘူး။ ကချင်တိုင်းရင်းသားတွေ သာမက အခြား တိုင်းရင်းသားတွေ နဲ့လည်း လက်တွဲပြီ ကျနော်တို့ က ဦးဆောင်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားရမယ်။ မဟုတ်ဘူး ဆိုရင် သူများ အုပ်ချုပ် ဦးဆောင်တဲ့ နောက်မှာဘဲ လိုက်နေရမယ်။ အဲ့ကြောင့် ကိုယ်တိုင်က အုပ်ချုပ် ဦးဆောင် နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားကြပါ၊။”

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest