Lai Nawng Hku ပိတ်မိပြည်သူများ ကို အစိုးရ စတင် ကယ်ထုတ်

မေ ၆ နေ့ မနက်ပိုင်းမှ Lai Nawng Hku (မံဝယ်) စစ်ရှောင်ပြည်သူများ စတင် ထွက်လာ။ ဓာတ်ပုံ-ကာမိုင်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန

ကားမိုင်း Lai Nawng Hku (မံဝယ်) တွင် ပိတ်မိနေသော စစ်ပြေးဒုက္ခသည် ၁၃၀ ကျော်ကို အစိုးရ မှ စတင်ကယ်ထုတ်ပေးနေပြီ ဖြစ်ကြောင်း သိရပါသည်။

စစ်ပြေးဒုက္ခသည် များအနက် အချို့မှာ ယနေ့ Lai Nawng Hku မှ ချောင်းဝ ဘက်ကို ထွက်လာပြီဟု ပိတ်မိနေသူတစ်ဦး ဆရာ Zau Tawng က ပြောပါသည်။

“ကျနော်တို့ ၂၂ ယောက်ကတော့ အခု Lai Nawng Hku ကနေ ချောင်းဝဘက်ကို စထွက်လာနေပါပြီ။ ကျန်တဲ့ ရွာသားတွေကိုတော့ မနက်ဖြန် ခေါ်ထုတ်မယ်လို့ ပြောတယ်။ အစိုးရဘက်တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးမှူးတွေ အားလုံးကတော့ အဲမှာ ကျန်နေသေးတယ်။ ကျနော်တို့ကတော့ ကြက်ခြေနီအဖွဲ့တွေနဲ့ ထွက်လာနေပါပြီ”

အဆိုပါ စစ်ပြေးဒုက္ခသည်များကို ကားမိုင်းတွင် နေရာချထားမည်ဟု ဦးဆောင်သူများမှ သိရပါသည်။
စစ်ပြေးဒုက္ခသည်များကို မနက်ဖြန်မှာ ခေါ်ထုတ်ဖို့ ပြင်ဆင်နေကြောင်း Lai Nawng Hku ကို ရောက်ရှိနေပြီဖြစ်သည့် ကားမိုင်း အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ပြောပါသည်။

“ကျနော်တို့ အစိုးရအဖွဲ့ ညွန်ကြားမှုနဲ့ မနက်ဖြန်ကို ဟိုဘက် စက်လှေစီးပြီးမှ သွားမယ်ပေါ့ဗျာ။ ကားလမ်းပေါက်တဲ့နေရာအထိ သွားမှာပေါ့။ ထွက်ချင်တဲ့ ဦးရေ ၁၃၀ လောက်ကို ခေါ်ထုတ်ပေးမှာပါ” ဟု ပြောပါသည်။

အစိုးရကယ်ဆယ်ရေးအဖွဲ့များသည် မေ ၄ ရက်နေ့ ကာမိုင်းဘက်ကို ရောက်ရှိနေခြင်း ဖြစ်ပြီး တပ်မတော် သဘောတူသည့် ယနေ့မှာဘဲ စတင်ကယ်ထုတ်နေခြင်း ဖြစ်သည်ဟု သိရပါသည်။

ပိတ်မိနေသော စစ်ပြေးဒုက္ခသည်များကို လွှတ်ပေးရန် အစိုးရကို တောင်းဆိုသည့် မြစ်ကြီးနား ကချင်လူငယ် သပိတ်စခန်းလည်း ယနေ့အထိ မနောကွင်းတွင် စုရုံးနေဆဲ ဖြစ်ပါသည်။

ယခု ပိတ်မိပြည်သူများလွတ်လာသည့် သတင်းကြောင့် လူငယ်တာဝန်ရှိသူများလည်း စည်းဝေး တိုင်ပင်နေဆဲ ဖြစ်ကြောင်း တာဝန်ရှိသူများမှ သိရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest