လိုင်နောင်းခူး စစ်ရှောင် ကယ်ထုတ်ရန်သွားသော အဖွဲ့ ကို တပ်မတော် တားဆီး

ကားမိုင်း-ဖားကန့်လမ်း မြန်မာစစ်တပ် စစ်ဆေးရေးစခန်း
Share

ဝန်ကြီးချုပ်ခွင့်ပြုမိန့်နှင့် ကားမိုင်း လိုင်နောင်းခူး (မံဝယ်) ကျေးရွာ ဘက်တွင် ပိတ်မိနေသော ပြည်သူများကို မြစ်ကြီးနား ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့ သွားရောက်ခေါ်ယူစဉ် တပ်မတော်က ခွင့်မပြုသောကြောင့် ယနေ့မနက် ပြန်ခေါက်လာရပါသည်။

ပိတ်မိ စစ်ပြေးဒုက္ခသည်များအား အမြန်လွှတ်ပေးရေး လူငယ်ထု လမ်းမပေါ် ဆန္ဒထုတ်ဖော်မှုကြောင့် မေလ ၃ ရက်ည ပြည်နယ်ဝန်ကြီးချုပ် နှင့် လူငယ်ခေါင်းဆောင်များ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံများ ဆွေးနွေးမှုသဘောတူမှုရပြီး စစ်ပြေး ဒုက္ခသည်များကို သွားရောက်ကယ်ဆယ်ခြင်းဖြစ်သော်လည်း တပ်က ပိတ်ပင်သည့်အတွက် ပြန်ခေါက်လာရသည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက ဆိုပါသည်။

“ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း အားလုံးပူးပေါင်းလုပ်ဆောင်ရအောင် ဆိုတဲ့ သဘောတူညီချက်လည်း ရရှိထားပြီဖြစ်တယ်။ တကယ်သဘောတူညီချက်နဲ့ ကျနော်တို့သွားခဲ့တာဖြစ်ပေမယ့် လမ်းခုလပ်မှာ တပ်ပိုင်းဆိုင်ရာက ခေါ်ယူခွင့်မပြုဘူးဆိုပြီး ပြန်ပိတ်ပင်ထာဖြစ်တယ်။ တပ်က ခွင့်မပြုခြင်းကြောင့် ဒီကို ပြန်ဆုတ်လာရခြင်း ဖြစ်ပါတယ်။”

ကချင်ပြည်နယ် ဝန်ကြီးချုပ် နှင့် နယ်လုံဝန်ကြီးအပါအဝင် ခွင့်ပြုချက်ဖြင့် စစ်ပြေးဒုက္ခသည်များကို သွားရောက်ခေါ်ယူခြင်းဖြစ်ပေမယ့် တိုင်းမှူး တေဇကျော် အမိန့်အရ ‘စစ်ရှောင်များကို ၃ ယောက်ခန့်သာ သွားတွေ့ခွင့်ရှိပြီး ခေါ်ထုတ်ခွင့်မပြု’ သဖြင့် ပြန်ခေါက်လာရသည်ဟုလည်း မြစ်ကြီးနား ခရစ်ယာန် ဂိုဏ်းပေါင်းစုံအ ဖွဲ့မှ ဆရာဆမ်ဆွန်က ပြောပါသည်။

ထို့ကြောင့် စစ်ပြေးဒုက္ခသည်များကို သွားရောက်ခေါ်ယူသည့် အဖွဲ့သည် ယမန်နေ့ည ကားမိုင်းမြို့နယ် ကထန်ယန်ကျေးရွာတွင် အိပ်ပြီး ယနေ့ မနက် မြစ်ကြီးနားကို ပြန်လာခဲ့ပါသည်။

ပိတ်မိနေသော စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၅၂ ဦးရှိပြီး ၄င်းတို့သည် အစိုးရတပ်မတော်၏ ပိတ်ဆို့မှုကို ခံရပြီး အကျယ်ချုပ်သဖွယ် နေ့တိုင်း လာခေါ်မည့်သူများကို စောင့်မျှော်နေကြောင်း လိုင်နောင်းခူးကျေးရွာ မှ ဓမ္မဆရာ တစ်ဦး နှင့် ဖုန်းပြောဆိုမှုမှ သိရသည်ဟု ဆရာဆမ်ဆွန်က ပြောပါသည်။

စစ်ပြေးဒုက္ခသည်များကို ကယ်ထုတ်ရန် ဝန်ကြီးချုပ်သဘောတူမှုကြောင့် ယမန်နေ့ မနက်မှာဘဲ ကချင်လူငယ်သပိတ်စခန်းကို မနောကွင်းသို့ပြောင်းရွှေ့ခဲ့ပါသည်။

ယခုချိန် ကချင်လူငယ်သပိတ်စခန်းတွင် အနယ်နယ်အရပ်ရပ်မှ လူအင်အား ပိုမိုတိုးများလာပြီး ဆက်လက်လုပ်ဆောင်ရမည့်အကြောင်းအရာများကိုလည်း တိုင်ပင်နေကြသည်ဟု သိရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest