ကချင် လူငယ် သပိတ်စခန်း ရပ်ဆိုင်း ရသော်လည်း ပြန်စမည်

တိုက်ပွဲအတွင်း မြန်မာစစ်တပ်ရဲ့ တားဆီးပိတ်ပင် ခံနေရတဲ့ စစ်ပြေးပြည်သူတွေ လွှတ်ပေးရေး မြစ်ကြီးနား ကချင်လူငယ် သပိတ်စခန်း ကို ဧပြီ ၃၀ ရက်နေ့ စတင်ပြုလုပ်ခဲ့တယ်

တိုက်ပွဲအတွင်း မြန်မာအစိုးရတပ်၏ ပိတ်ပင်တားဆီး ခံနေရသော ကချင် စစ်ပြေးပြည်သူများ လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသော မြစ်ကြီးနား ကချင်လူငယ် သပိတ်စခန်း ကို အာဏာပိုင်များ၏ ပိတ်ပင်မှုကြောင့် ရပ်ဆိုင်းရသော်လည်း ပြန်စမည်ဟု ဦးဆောင်သူများ ဆိုပါသည်။

မေ (၃)ရက်နေ့ မြစ်ကြီးနား အထက (၁) နှင့် အထက (၉) လမ်းတွင် လုပ်ဆောင်နိုင်ရန် ယနေ့ ခွင့်တောင်းစာ ပြန်တင်ထားကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူ မ Sut Seng Htoi က ပြောသည်။

ခွင့်ပြုမိန့်အရ ဧပြီ ၃၀ မှာ ဆွမ်ပရာဘွမ်လမ်း အထက (၁) နှင့် အံတော်ရှင် ဘုန်းကြီးကျောင်းရှေ့တွင် အစီစဉ် စတင်ပြုလုပ်နေပြီ ဖြစ်သော်လည်း ‘အများပြည်သူ နှောက်ယှက်မှုကြောင့်’ ဟု ဆိုကာ မြို့နယ် ရဲတပ်ဖွဲ့က ထိုနေရာတွင် ဆန္ဒထုတ်ဖော်မှုကို ရုတ်သိမ်းခိုင်းခဲ့သည်။

ထို့ကြောင့် ယနေ့ မွန်းလွဲပိုင်း လူငယ်သပိတ်စခန်း ဦးဆောင်သူများနှင့် မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးသန်းဦး တို့ မြို့မ ရဲစခန်းတွင် တွေ့ဆုံရာ ဆန္ဒဖော်ထုတ်မည့်နေရာကို ဆွမ်ပရာဘွမ်လမ်း အစား တခြား နေရာကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယမန်နေ့ ညနေပိုင်း အာဏာပိုင်များ၏ ပိတ်ပင်မှုကို ခံရပြီးနောက် လူငယ်ထိုင်သပိတ်တွင် ပါဝင်မည့် ကချင်လူငယ် ၃၀၀ ကျော် သည် လက်ရှိ စီတာပူ မနောကွင်းတွင် စုရုံးနေဆဲ ဖြစ်ပါသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် တနိုင်းမြို့နယ် Awng Lawt (အောင်လော့ဒ်) ကျေးရွာပြည်သူ ၁၀၀၀ ကျော် နှင့် ကားမိုင်းမြို့အနီး Lai Nawng Hku (လိုင်နောင်းခူး) ဒေသခံ ရွာသား ၁၆၀ ခန့် သည် လုံခြုံရာကို ထွက်လာရန် ပိတ်ပင်တားဆီး ခံနေရခြင်းဖြစ်သည်။

၎င်းစစ်ပြေးဒုက္ခသည်များအား လုံခြုံရာကို ခေါ်ထုတ်နိုင်ရေး တပ်မတော် က ပိတ်ပင်ထားကြောင်း စစ်ပြေးကယ်ဆယ်ရေးအဖွဲ့များ ဆိုပါသည်။

တားဆီးခံနေရသော စစ်ပြေးဒုက္ခသည်များ မလွှတ်မချင်း ကချင်လူငယ်သပိတ် စခန်းကို ရုတ်သိမ်းမည် မဟုတ်ကြောင်း ဦးဆောင်သူများ ပြောပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest