Burma military launched a heavy offensive to Awng Lawt, KIA's 2nd Brigade Headquarters in Danai on April 11.
Share

တနိုင်း Awng Lawt ဒေသ KIA တပ်မဟာ ၂ ဌာနချုပ်ကို တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပိတ်မိနေသော အရပ်သား ပြည်သူ ၂၀၀၀ ကျော်ကို ကယ်ထုတ် နိုင်ရန် တနိုင်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ယနေ့မှာ ပြည်နယ် ဝန်ကြီးချုပ်ထံ စာဖြင့် တောင်းဆိုလိုက်သည်။

Awng Lawt (အောင်လော့ဒ်) ကျေးရွာ၊ Sut Ring Yang (ဆွတ်ရိယန်) ကျေးရွာ နှင့် Sut Ra Yang (ဆွတ်ရာ) ကျေးရွာ များရှိ ဒေသခံ ၂၀၀၀ ကျော်မှာ တိုက်ပွဲ ကြောင့် ယခုချိန် ခြေဦးတည်ရာ ချောင်း၊ မြောင်း တောတောင်များမှာ ထွက်ပြေး တိမ်းရှောင်နေရသဖြင့် ထိုစစ်ပြေးဒုက္ခသည်များကို အမြန်ဆုံး ကူညီကယ်ထုတ်ပေးရန် တောင်းဆိုထားကြောင်း တနိုင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အသင်းတော်မှ သိက္ခာတော်ရ ဆရာ Mung Dan က ပြောပါသည်။

ထိုသို့ ပြည်နယ် ဝန်ကြီးချုပ်ထံ မတောင်းဆိုခင် ဧပြီ ၁၂ ရက်နေ့တွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ မှ တနိုင်း ဒေသကွပ်ကဲရေးမှူး ဒကစ သို့ သွားရောက်အကူညီတောင်းခဲ့သော်လည်း သူ့ထံ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း သာ ပြန်ပြောခဲ့ကြောင်း ပြောပြပါသည်။

ကုန်းလမ်း တစ်လျှောက် တိုက်ပွဲ ဖြစ်နေသောကြောင့် ဒုက္ခသည်များကို ရေလမ်းအတိုင်း ကယ်ထုတ်ရန် ဒကစ မှူးထံ သွားရောက် ညှိနှိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ယခုချိန် Awng Lawt ကျေးရွာကို တပ်မတော်က Sut Ra ကျေးရွာမှ တဆင့် လက်နက်ကြီး နေ့စဉ် ပစ်ထည့်နေပြီး တိုက်လေယာဉ်များမှာ Awng Lawt ကျေးရွာကို တိုက်ရိုက် ပျံသန်း ပစ်ခတ်နေကြောင်း ဒေသခံများ ပြောပြပါသည်။

ရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်ပစ်ခတ်သော လက်နက်ကြီး ကြောင့် ကချင်ဒေသခံ ၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူလည်း များပြားနေပြီ ဖြစ်ပါသည်။