“ဘုရားအခွင့်ပေးထား သလောက် ထိန်းသိမ်းထား မှာပါ”

အောင်လ နဲ့ KNG မေးမြန်းခြင်း၊ မြစ်ကြီးနား၊ မေ ၂၀၊ ၂၀၁၈
Share

ကမ္ဘာ့ တိုင်းပေါင်းစုံ ကိုယ်ခံပညာ MMA (Mixed Martial Arts) ရဲ့ One Middle Weight World Champion နဲ့ One Light Heavy Weight World Champion ခါးပတ် ၂ ခုကို ပိုင်ဆိုင်ထားသူ Aung La N Sang သည် မတ်လ ၁၉ ရက်နေ့ မြစ်ကြီးနားသို့ ရောက်လာ ပါတယ်။

ကချင်လို N’sang Awng La ခေါ် Aung La N Sang နဲ့ ကချင်သတင်းဌာန KNG မတ် ၂၀ ရက်နေ့ ခဏတာ တွေ့ဆုံ မေးမြန်းခွင့် ရရှိ ထားတာကို မျှဝေ လိုက်ပါတယ်။

မေး။ ။ အောင်လ ခင်ဗျား။ ဒီတစ်ခေါက် မွေးရပ်မြေကို မိသားစု နှင့် အတူပြန်လာရတဲ့ အကြောင်းရင်းလေး ပြောပြပါ။
ဖြေ။ ။ ကျနော့် သားလေး နှင့် ဇနီးသည်ကို ကျနော့် မွေးရပ်မြေကို လာရောက် ပြသခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကျနော်ချစ်တဲ့ ပြည်သူတွေကိုလည်း အားပေးစကား ပြောချင်တယ်။ ပြီးတော့ စစ်ပြေး ဒုက္ခသည်စခန်းတွေ ကိုလည်း နည်းနည်း အကူအညီ သွားပေးချင်ပါတယ်။

မေး။ ။ One Middle Weight World Champion နှင့် One Light Heavy Weight World Champion ခါးပတ် ၂ ခု ပိုင်ဆိုင်အောင် ဘယ်လို ကြိုးစားခဲ့ရပါသလဲ။
ဖြေ။ ။ နေ့ည မပျက် ကြိုးစားခဲ့ပါတယ်။ တစ်ပတ်မှာ ၆ ရက် လေ့ကျင့်ပါတယ်။ တနင်္ဂနွေ ၁ ရက် နားတယ်။ အလွန်အကျွံ ကြိုးစား လေ့ကျင့်တာမျိုးလည်း မဟုတ်ဘူး။ ပုံမှန်ပဲ လေ့ကျင့်တယ်။ ပညာယူတယ်။ သင်ခန်းစာယူတယ်။ အဲဒီကနေ တဆင့် ပြန်ကြိုးစားတယ်။ ပင်ကိုယ်အစွမ်းဆိုတာ ဘုရားသခင်ပေးတာဖြစ်တဲ့အတွက် ဆုတောင်းပြီး အောင်မြင်မှု ရတာဖြစ်တယ်။ စိတ်ထဲမှာလည်း ကိုယ်ဟာ ချန်ပီယံ တစ်ယောက်ဖြစ်လာမယ်ဆိုတာ ယုံကြည်မှုရှိတယ်။ အခက်အခဲတိုင်းကိုလည်း ဆုတောင်းပြီး ကျော်ဖြတ်တယ်။

မေး။ ။ ရရှိထားပြီဖြစ်တဲ့ ခါးပတ် ၂ ခုကို ရှေ့ဆက် ဘယ်လိုထိန်းသိမ်း ကာကွယ်သွားမလဲ။
ဖြေ။ ။ ဘုရားအခွင့်ပေးထား သလောက် ထိန်းသိမ်းထား မှာပါ။ ဒီအတွက်လည်း ပိုမိုကောင်းမွန်အောင် လေ့ကျင့်နေဆဲ ဖြစ်တယ်။ ပြီးတော့ ဒီပညာကို လက်ဆင့်ကမ်းသွားဖို့လည်း စဉ်းစားထားပါတယ်။

မေး။ ။ အောင်လဟာ မြန်မာပြည်က ကချင်တိုင်းရင်းသား တစ်ယောက်လည်း ဖြစ်တဲ့အတွက် လက်ရှိမှာ ကိုယ့်အမျိုးသားတွေအတွက် ဘယ်လို အကျိုးပြု ကူညီသွားမယ်လို့ စဉ်းစားထားပါသလဲ။
ဖြေ။ ။ လူတွေကို စကားပြောပြီး အားပေးချင်ပါတယ်။ ဘယ်သူဖြစ်ဖြစ် ပညာတတ်ဖြစ်နေရင် သူများ ဖိနှိပ်ထားလို့ မရဘူး။ ပညာ မတတ်ဘူးဆိုင်ရင် တခြားသူတွေက ကိုယ့်အပေါ် အခွင့်အရေး ယူသွားနိုင်တယ်။ ဒါ့ကြောင့် ကလေးတွေရဲ့ ပညာရေးပိုင်းမှာ ကူညီသွားချင်တယ်။ အထူးသဖြင့် ကလေးငယ် နှင့် လူငယ်ပိုင်းတွေကိုပါ။ စစ်ပြေး ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ပညာရေးဆိုင်ရာ NGO တွေနဲ့အတူ ကူညီသွားဖို့ပါ။

မေး။ ။ အောင်လ အနေနဲ့ ကိုယ်ထူးချွန်နေတဲ့ ဒီ MMA လက်ဝှေ့ပညာကို လက်ဆင့်ကမ်းသွားမယ်လို့ အရင် သတင်းတချို့တွေမှာ ဖတ်ဖူးပါတယ်။ အခုကော ဘယ်လိုစဉ်းစားထားပါသလဲဗျာ။
ဖြေ။ ။ လူတစ်ယောက်ဟာ တစ်စုံတစ်ခုပေါ်မှာ အာရုံစိုက် ကြိုးစားနေမှ အောင်မြင်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ပြိုင်ပွဲအတွက် လေ့ကျင့်ရေးပိုင်းကို အရမ်းအာရုံစိုက်ထားတာဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်ပြိုင်နေတာ ကမ္ဘာ့အဆင့် ဖြစ်တဲ့တွက် စိတ်အာရုံအားလုံး စုစည်းပြီး ဆော့ကစားရတာဖြစ်တယ်။ ဒါကြောင့် သူများကို လက်ဆင့်ကမ်း သင်ပေးဖို့ အချိန်မရှိသေးဘူးဖြစ်နေတယ်။ အခုလောလောဆယ် တော့ ကျွန်တော့ပြိုင်ပွဲတွေကိုပဲ ပိုပြီး ကြိုးစား အားထုတ်နေပါတယ်။ ပညာတွေ သင်ယူနေရပါသေးတယ်။ အဲဒါတွေ အားလုံးပြီးမှ လက်ဆင့်ကမ်းသွားမှာပါ။

မေး။ ။ ကမ္ဘာ့ MMA ချန်ပီယံတစ်ယောက် အနေနဲ့ ဒီကနေ့ ကချင်ဒေသ၊ ကချင်ပြည်သူ တွေကို ဘယ်လို အားပေးစကား ပြောကြားခဲ့ချင်ပါသလဲဗျာ။
ဖြေ။ ။ လက်ရှိ ပျော်ရွင်ဖို့အတွက်ပဲ မစဉ်းစားကြပါနဲ့။ သင့်အနာဂတ် ရှေ့ရေး ပိုကောင်းလာဖို့ အတွက်သာ ပြင်ဆင်ပါ။ လူ့ဘဝဆိုတာ ခနတာဖြစ်တယ်။ မမြဲတဲ့အတွက် ခနတာပျော်ရွင်ဖို့ အတွက်သာ သင်ကစဉ်းစားနေရင် အောင်မြင်မှုနဲ့ ဝေးနေရအုန်းမှာပါ။ ငွေကြေးပိုက်ဆံ မရှာပါနဲ့။ ပညာကိုသာ ကြိုးစားရှာပါ။ ပညာရရင် ငွေကြေးက ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။

မေး။ ။ ကျေးဇူးတင်ပါတယ် ကိုအောင်လ။
ဖြေ။ ။ ကျေးဇူးတင်ပါတယ်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest