ကချင်ပြည်နယ်အလယ်ပိုင်း တိုက်ပွဲတွင် မြန်မာ အစိုးရစစ်သား ၃ ဦးကျ
- In သတင်း
- Post 02 February 2012
- Last Updated on 06 February 2012
- By KNG
- Hits: 3193
မြန်မာအစိုးရတပ်နှင့် KIA တပ်ဖွဲ့ကြား ဖေဖော်ဝါရီ ၁ ရက် ယမန်နေ့ ကချင်ပြည်နယ်အလယ်ပိုင်းတွင် ၆ နာရီကြာ တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်သား အနည်းဆုံး ၃ ဦး သေးဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း KIA စစ်အရာရှိများဆိုသည်။
သေဆုံးဒဏ်ရာရရှိသောစစ်သားများသည် ဆင်ဘိုအခြေစိုက် ခလရ အမှတ် ၁၄၁ မှဖြစ်ပြီး ဒေသခံ KIA တပ်ရင်း ၅ နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA ကဆိုသည်။ KIA ဖက် ထိခိုက်ခြင်းမရှိကြောင်း သက်ဆိုင်ရာ KIA ရှေ့တန်းအရာရှိများပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဆင်ဘိုမြို့အနီး လောဒ်အောင် (Lawt Awng)နှင့် အင်လုံရှလားခ (Nlung Shala Hka) ချောင်းကြားမှာ ဖြစ်ပွားခဲ့သည်။
တရက်ထဲမှာ KIA ဖလပ်ဘွမ် (Hpalap Bum)ရွှေ့ပြောင်းတပ်ရင်းမှ ဗိုလ်မရန်ဘရန်နန်သည် ၀ိုင်းမော်မြို့နယ် ဆမားကျေးရွာအနီး မြန်မာစစ်တပ် မန်မော် (ဗန်းမော်)နယ်မြေခံတပ်ရင်း ခလရ အမှတ် ၄၇ စစ်သားများ၏ စောင့်ကြိုပစ်ခတ်မှုတွင် သေဆုံးခဲ့သည်။
ယခုလိုအခြေအနေမှာ မြန်မာ-KIO အဖွဲ့ကိုယ်စားလှယ်များသည် ယခုလ ဖေဖော်ဝါရီလ ၆ ရက်နှင့် ၁၂ ရက်ကြား ဒီနှစ်ထဲ ဒုတိယအကြိမ် တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု ကချင်ပြည်နယ် လိုင်ဇာ ဗဟိုဌာနချုပ်မှ KIO အရာရှိများဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ နှင့် ၁၉ ရက်နေ့တွင် နှစ်ဖက်ကိုယ်စားလှယ်များ တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နိုင်ငံရေးကိစ္စ သဘောတူညီမှု မရခဲ့ပါ။
ရွှေလီတွေ့ဆုံပွဲစတင်ချိန်မှ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသမှလွဲပြီး ကျန်နယ်မြေများတွင် နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများ ယနေ့ ဗုဒ္ဓဟူးနေ့ထိ ရပ်ဆိုင်းထားဆဲဖြစ်သည်။
KIO က “ပထမဆုံး နိုင်ငံရေးပြဿနာကို ဖြေရှင်းပြီး နောက်ဆုံးအဆင့်မှ လက်နက်တပ်ဖွဲ့ကိစ္စ ဆွေးနွေးရန်” သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသို့ တင်ပြထားသည်။




