KIA အရာရှိတစ်ဦးအား မြန်မာစစ်တပ်က ပစ်သတ်
- In သတင်း
- Post 02 February 2012
- Last Updated on 06 February 2012
- By KNG
- Hits: 5550
ကချင်ပြည်နယ် အရှေ့ဘက်ဝိုင်းမော်မြို့နယ်တွင် ဗုဒ္ဓဟူးနေ့ ဇန်န၀ါရီလ ၁ ရက် နံနက်ပိုင်း၌ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရာရှိတစ်ဦးကို မြန်မာအစိုးရတပ်က ပစ်သတ်လိုက်သည်။
ဆမားကျေးရွာအနီးတွင် အစိုးရတပ်ကခြုံခိုတိုက်ခိုက်သဖြင့် KIA လှုပ်ရှားတပ်ဖွဲ့မှ ဗိုလ်မရန်ဘရန်နန် ကျဆုံးသည်ဟု ထို KIA တပ်ဖွဲ့မှ ပြောသည်။ မြန်မာစစ်သားများမှာ ဆမားရွာအနီးတွင် စခန်းချနေသည့် ခလရ (၄၇) မှဖြစ်နိုင်သည်ဟု ဆိုသည်။
“နှစ်ဖက်ကြား စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် ပြဿနာဖြစ်ပွားနိုင်သောဒေသများရှိ နှစ်ဖက်တပ်များကိစ္စအား ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်” ဟု မြန်မာအစိုးရနှင့် KIO တို့ ရွှေလီမြို့တွေ့ဆုံပွဲမှ ထုတ်ပြန်ပြီးနောက် ဗိုလ်ဘရန်နန် ပစ်သတ် ခံရခြင်းဖြစ်သည်။
ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်ရင်း (၈) စခန်းများကို မြန်မာအစိုးရတပ်က တိုက်ခိုက်နေဆဲဖြစ်သည်။ ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဒေသ KIA တပ်ရင်း (၈) သို့ အစိုးရတပ်အင်အား အမြောက်အများ ရောက်ရှိနေသည်။
မူလက ထိုပိုက်လိုင်းလမ်းကြောင်းသည် KIO နယ်မြေကို တိမ်းရှောင်ထားသော်လည်း ၂၀၁၀ ခုနှစ်တွင် လမ်းကြောင်းပြောင်းလဲ၍ ယခု KIA တပ်ရင်း (၈) နယ်မြေကို ဖြတ်သန်းသွားမည်ဖြစ်သည်။
တွေ့ဆုံပွဲများ မကြာမှီ ကျင်းပမည်
မကြာမှီ မြန်မာအစိုးရနှင့် ထပ်မံတွေ့ဆုံသွားမည်ဟု ဌာနချုပ်လိုင်ဇာမှ KIO အရာရှိများ ကချင်သတင်းဌာနသို့ ပြောသည်။ တွေ့ဆုံပွဲအား ယခုလအတွင်း ဖေဖော်ဝါရီလ ၅ ရက် ကချင်လက်နက်ကိုင်တော်လှန်ရေးနေ့ နောက်ပိုင်း ပြုလုပ်မည်ဟု KIO က ဆိုသည်။
လွန်ခဲ့သောတွေ့ဆုံပွဲ၌ ပဋိပက္ခများကိုဖြေရှင်းနိုင်ရန် နိုင်ငံရေးကို အဓိကထားဆွေးနွေးရန်အတွက် KIO က မြန်မာအစိုးရကို တင်ပြထားသော်လည်း လက်ခံစဉ်းစားခြင်းရှိမရှိ မသိရပေ။
ယခုအပတ်ထုတ် မြန်မာတိုင်း(မ်) ဂျယ်နယ်၌ အစိုးရ၏ညှိနှိုင်းရေးအဖွဲ့ဝင်တစ်ဦးက “KIO ၏တောင်းဆိုမှု သင့်တင့်လျောက်ပတ်မှ သဘောတူညီမှုရရှိနိုင်မည်။” ဟု ပြောဆိုလိုက်သည်။
“KIO ဘက်က တောင်းဆိုထားတဲ့ အချက်တွေမှာပါဝင်တဲ့ သူတို့ရဲ့ စကားလုံးအတိအကျအတိုင်းကိုတော့ သဘောတူညီချက်ရဖို့ခက်ခဲနိုင်ပါတယ်။ ဥပမာ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဆိုတဲ့စကားမျိုးကို အဲဒီအတိုင်းသဘောတူဖို့ ခက်ပါမယ်။” ဟု အမျိုးသားလွှတ်တော်အမတ်နှင့် UDPKS ပါတီ (စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်) ဥက္ကဋ္ဌ ဦးခက်ထိန်နန် က ပြောသည်။
UDPKS ပါတီထူထောင်ရန် ယခင်က ဦးနေ၀င်းအစိုးရ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လူငယ်ခေါင်းဆောင် ဦးခက်ထိန်နန်သည် မြန်မာစစ်တပ်၏ထောက်ပံ့မှုရရှိထားသည်ဟု ဆိုသည်။




