မြစ်ကြီးနားမြို့သို့ ပေးသော KIO လျှပ်စစ်မီးအား မြန်မာအစိုးရ ဖျက်ဆီး
- In သတင်း
- Post 07 November 2011
- Last Updated on 07 November 2011
- By KNG
- Hits: 3364
ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား ရက်သတ္တပတ်ကြာ မီးပြတ်ရခြင်းမှာ လျှပ်စစ်မီးကြိုးတိုင်ကို မြန်မာအစိုးရတပ်က စီမံဖျက်ဆီးလိုက်ခြင်းကြောင့်ဖြစ်သည်ဟု KIO အရာရှိများပြောသည်။
နိုဝင်ဘာ (၁) ရက် ညနေ (၄) နာရီခန့် ၀ိုင်းမော်မြို့နယ် ဂါးရာယန်ဒေသတိုက်ပွဲတွင် မြန်မာအစိုးရ စစ်ကြောင်း၏ လက်နက်ကြီးကြောင့် လျှပ်စစ်မီးကြိုးတိုင် ထိမှန်ပျက်စီးသွားသည်။
“တိုက်ပွဲတွင်း မတော်တဆ ထိမှန်ပျက်စီးသွားပုံနဲ့ လုံဇက်ပ်ကောင် (Lung Zep Kawng) နဲ့ ဂါးရာယန်ကြားက လျှပ်စစ်မီးကြိုးတိုင်ကို လက်နက်ကြီးနဲ့ တမင်ရည်ရွယ်ပြီး သူတို့(မြန်မာအစိုးရတပ်)ပစ်တာ” ဟု မျက်မြင်သက်သေ KIA အရပ်သားတပ်ဖွဲ့ အရာရှိ လာဂွန်း ပြောသည်။
ဇွန် ၁၂ ရက်နေ့မှ KIO သည် မြစ်ကြီးနားရှိ KIO ဆက်ရေးရုံးနှင့် ဘူးဂါးကုမ္ပဏီရုံးအား လုံခြုံရေးအကြောင်းပြချက်ဖြင့်ရုတ်သိမ်းခဲ့သော်လည်း လျှပ်စစ်ဓါတ်အားကိုမူ မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့သို့ ဆက်လက် ပေးဝေနေသည်။
KIO ဘူးဂါးကုမ္ပဏီ က မလိရေအားလျှပ်စစ် စက်ရုံမှ လျှပ်စစ်ဓါတ်အား၂.၄ မီဂါဝပ်ကို ၂၀၀၆ ခုနှစ် ဇူလှိုင်လ မှစတင်ကာ မြစ်ကြီးနားနှင့် ၀ိုင်းမော်သို့ ဖြန့်ဖြူးခဲ့သည်ဟု ဆိုသည်။




