အစိုးရပြည်သူ့စစ်များ KIOနှင့် ပူးပေါင်းရန် ပြည်ပ ကချင်များ တောင်းဆို
- In သတင်း
- Post 06 November 2011
- Last Updated on 06 November 2011
- By KNG
- Hits: 2017
ပြည်ပ ၂၁ နိုင်ငံတွင်ရောက်ရှိနေသော ကချင်အမျိုးသားများက မြန်မာအစိုးရသစ္စာခံ ကချင်လက်နက်ကိုင် အဖွဲ့တို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပူးပေါင်းရန် နိုဝင်ဘာလ (၆) ရက် နေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။
၎င်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဦးဆောင်နေသော Padang Hkrun Lam Majan Masing သည် “ကချင်အမျိုးသားများ လွတ်မြောက်ရေး” အတွက်ဖြစ်သည်ကို တထစ်ချ ယုံကြည်ကြကာ အမျိုးသားချင်း သစ္စာမဲ့သော ပြုမူဆောင်ရွက်ချက်များကို လုံးဝ ကန့်ကွက်ထားသည်။
ထုတ်ပြန်ချက် မိတ္တူကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း (ယခင် NDA-K ယခု နယ်ခြားစောင့်တပ်)၊ ဒူကဘာမထုနော် (ယခင် KDA ယခုကောင်းခါးပြည်သူ့စစ်)၊ ဒူကဘာလဆန်အောင်ဝါ (လ၀ါယန်ဌာနေပြည်သူ့စစ်)၊ ဒူဝါခွန်မြတ် (ကွတ်ခို်င်ပြည်သူ့စစ်)၊ ဆွတ်ဒူတန်ဂူးတန် (ခေါင်လံဖူး သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့)နှင့် ဖေါင်းဆိုင်ပြည်သူ့စစ်သို့ လိပ်မူထားသည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ထဲ ဇွန် ၉ ရက်မှစတင်နေသောစစ်ပွဲများတွင် အချို့သည် မြန်မာအစိုးရဘက်မှ KIO ကို တိုက်ခိုက်နေသည်ဟု KIO ပြောသည်။




