ကချင်ပြည်နယ် အလယ်ပိုင်း စစ်ပွဲတွင် မြန်မာစစ်သား ၄၀ ကျ
- In သတင်း
- Post 05 October 2011
- Last Updated on 05 October 2011
- By KNG
- Hits: 7251
မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား ကချင်ပြည်နယ် အလယ်ပိုင်း၌ အောက်တိုဘာ ၄၊ အဂါင်္နေ့ တစ်ရက်တည်းဖြစ်ပွားသော တိုက်ပွဲများတွင် အစိုးရစစ်သား (၄၀) ကျဆုံးကြောင်း ဒေသခံများ ပြောသည်။
ဂျာအိန်ယန်ရွာအနီး KIA အရပ်သားတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် ယင်းစစ်သားများ သေဆုံးခဲ့ပြီး ၎င်းတို့၏ မိခင်တပ်ရင်းများ မသိရဟု ရွာသားများပြောသည်။
KIA အရပ်သားတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း အထက် KIA စစ်အရာရှိများပြောသည်။
KIA ထိန်းချုပ်သည့် ဂျာအိန်ယန်ရွာ ပတ်ဝန်းကျင်နှင့် ၎င်းနှင့်ဆက်စပ်နေသော ရှဒန်ပါ ဒေသတွင် အစိုးရတပ်နှင့် KIA တပ်ကြား နေ့စဉ်လိုလို စစ်ပွဲများဖြစ်နေသည်မှာ ရက် တစ်ပတ် ကျော်လာသည်ဟု ဒေသခံများပြောသည်။
လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA အရာရှိများပြောဆိုချက်အရ ယခုတိုက်ပွဲဖြစ်ရာ ဒေသများသို့ ဧရာဝတီမြစ် (ကချင်လို မလိခနူ) ရေလမ်းကြောင်းအတိုင်း အမြန်စက်လှေများဖြင့် စစ်အင်အား ရာပေါင်းများစွာ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဖြစ်ရာဒေသမှ အရှေ့ဘက် မိုင် ၂၀ကျော် တရုတ်နယ်စပ်အနီးတွင် KIA ဗဟိုဌာနချုပ်နှင့် အမာခံစခန်းများဖြစ်ကြသည့် လိုင်ဇာ၊ အလဲန်ဘွမ်၊ ဖလပ်ဘွမ်၊ လိုင်စင်ဘွမ်နှင့် မိုင်ဂျာယန် များကို အခြေစိုက်ထားသည်။
ထို့ကြောင့် ယင်း KIA အမာခံစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ စစ်အင်အား ရာပေါင်းများစွာ အား ထိုဒေသသို့ ပို့ထားသည်ဟု လိုင်ဇာမှ KIA စစ်အရာရှိများပြောသည်။
ပြီးခဲ့သည့် ဇွန်လ ပြည်တွင်းစစ်ဖြစ်လာပြီးနောက် ကချင်ပြည်နယ်ရှိ အဓိကလမ်းမကြီး (၆) ခုကို KIA က ထိန်းချုပ်ထားဆဲဖြစ်သည်။ ယင်းလမ်းမများမှာ မြစ်ကြီးနား-ကန်ပိုင်တီလမ်း၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျေလမ်း၊ ဗန်းမော်-ကိုင်ထိပ်-နမ့်ခမ်းလမ်း၊ မြစ်ကြီးနား-တနိုင်းလမ်းနှင့် မြစ်ကြီးနား-ဖားကန့် လမ်းများဖြစ်ကြသည်။
ယခုလို အဓိကလမ်းမများကို KIA တပ်များ ထိန်းချုပ်လိုက်ခြင်းကြောင့် အစိုးရစစ်အင်အား အလုံးအရင်းဖြင့် KIA ဗဟိုဌာနချုပ်နှင့် အမာခံစခန်းများအား တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲစေသည်။




