KNG BURMESE WEBSITE
KNG KACHIN WEBSITE

အဖမ်းခံ ကထန်ယန် ရွာသား (၂)ဦး ကို KIA အဖွဲ့ဝင်အဖြစ် တပ်မတော် တရားစွဲ

Myitkyina police station

ကားမိုင်းဗျူဟာ တပ်မ (၃၃)မှ ဖမ်းဆီးခေါ်ဆောင်သွားသော ကထန်ယန် အရပ်သား ၂ ဦးအား အမြန်ဆုံး လွှတ်ပေးရန် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှ အကူညီတောင်းခံလာသည့်အပေါ် ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်နေ့ အကြောင်းပြန်ခဲ့သည်။

ယင်းအကြောင်းပြန်စာတွင် ဖမ်းဆီးခံထားရသူ ၂ ဦးဖြစ်သည့် ကားမိုင်းမြို့နယ်ခွဲ လွယ်ဆိုင်ကျေးရွာ ရပ်ကွက် (၂)တွင် နေထိုင်သူ ဦးဒေါင်ခေါင်၏သား ဦးခေါင်ဒေါင်သည် KIA ရင်း(၆) မှ ကိုယ်ပိုင်အမှတ် B-03246 တပ်ကြပ်အဆင့်ရှိ သူဖြစ်ကြောင်းနှင့် ကားမိုင်းမြို့ကထန်ယန်ကျေးရွာအုပ်စု ရပ်ကွက် (၂)တွင် နေထိုင်သူ ဦးဖော်ယမ်နော်၏သား ဦးမာလသည် ၂၀၁၈ ခုနှစ် ဧပြီ (စတုတ္ထပတ်) ခန့်က KIA အဖွဲ့ ကထန်ယန် တိုက်နယ်မှူး အဆင့်ရှိ လွန်ဂျူန်း ကျေးရွာနေ ပြည်သူများထံမှ ဆပ်ကြေးကောက်ခံထားသည့်ဆန် (၄၅) အိတ်နှင့် ဆားပိဿာ (မမှတ်မိ) တို့အား ကားမိုင်းမြို့၊ စီပူချောင်းဖျားရှိ KIA စခန်းသို့ သွားရောက်ပို့ဆောင် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်ဟု ပါရှိသည်။

သို့ဖြစ်၍ ၎င်းတို့နှစ်ဦးအား ခလရ (၂၁) မှ ဗိုလ်ကြီးဇော်မျိုးနိုင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နမစ (မြစ်ကြီးနား) ၏ (ပ) ၂၄၅/ ၂၀၁၈၊ မတရားအသင်း ၁၇(၁) ဖြင့် အမှုဖွင့်လှစ်၍ ၎င်းတရားခံ ၂ ဦးအား စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြထားပါသည်။

ဖမ်းဆီးခံရသူ ၂ ဦးသည် စက်တင်ဘာလ (၅) ရက်နေ့ ကားမိုင်းဗျူဟာ လက်အောက်ခံတပ် မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ခုလက်ရှိတွင် မြစ်ကြီးနား မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

၎င်းတို့ ၂ ဦးအား စက်တင်ဘာလ ၂၄ ရက်နေ့ တွင် စတင်စစ်ဆေးသွားမည်ကြောင်း မြို့မရဲစခန်း ပြောပါသည်။